Computer ပြုပြင်တဲ့အခါ သင့်ရဲ့ကွန်ပျူတာကို တခြားသူတစ်ယောက်ကို ပေးကိုင်ရပါလိမ့်မယ်။
ကိုယ်တိုင် အနောက်ကနေ ထိုင်ကြည့်နိုင်တဲ့အခြေအနေမျိုးတွေမှာ စိတ်ချရပေမယ့် ထိုင်မကြည့်နိုင်တဲ့ အခြေအနေတွေမှာရော သင့်ရဲ့ Data တွေအတွက် စိတ်ချနိုင်ပါ့မလား။ Company တစ်ခုမှာ Computer Service လုပ်ဖို့အတွက် အဖွဲ့ တစ်ဖွဲ့ကို အပ်တယ်ဆိုပါစို့။ အဲဒီ Computer Service အဖွဲ့က Router, Switch အစရှိတဲ့ Network ပစ္စည်းတွေကအစ Server, Client Computer တွေအဆုံး အားလုံးရဲ့ Password တွေကို သိရှိဖို့ လိုအပ်ပြီး ထိတွေ့ကိုင်တွယ်ဖြေရှင်းဖို့လည်း လိုအပ်ပါတယ်။ Company ရဲ့ Server နဲ့ Computer တွေထဲမှာ စာရင်းဖိုင်တွေရှိနေနိုင်ပါတယ်။ Supplier Contact တွေနဲ့ Customer Record တွေရှိနေနိုင်ပါတယ်။ ဒါတွေက Company တစ်ခုအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေပဲဖြစ်ပါတယ်။
အဲဒီလို သတင်းအချက်အလက်တွေအတွက် ခိုင်မာရုံကြည်ရတဲ့ Computer Service တွေကို ရှာဖွေရွေးချယ်ရပါတော့မယ်။ Computer ပြင်တတ်ရုံသက်သက်မဟုတ်ပဲ ခိုင်ခိုင်မာမာ မှတ်ပုံတင်ထားတဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ လည်ပတ်နေတဲ့ Computer Service Company တွေကို အသုံးပြုမှ စိတ်ချရနိုင်မှာပါ။ Service မအပ်ခင်ကတည်းက အာမခံချက်(Term & Condition)တွေကို ဆွေးနွေးပြီးမှ တစ်ဖက်နှင့် တစ်ဖက် သဘောတူညီချက် (Contract) ကိုလက်မှတ်ထိုးထားသင့်ပါတယ်။
ကျွန်တော်တို့ Company မှာ ကွန်ပျူတာ လာပြင်ဖူးတဲ့ အကိုတစ်ယောက်က သူ့ ကိုယ်တွေ့ကို ပြောပြဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ နာပါတ်တစ် အရောင်းရဆုံး Laptop လို့နာမည်ရခဲ့တဲ့ brand တစ်ခုရဲ့ရုံးချုပ်မှာ သူ့ Laptop LCD ကွဲသွားလို့ လဲခဲ့ပါတယ်တဲ့။ သူ့ကွန်ပျူကို Password မခံထားပါဘူး။ သူ့ ကွန်ပျူကို ရလို့ သူသွားရွေးတဲ့အခါ သူ့ကွန်ပျူကို အသုံးပြုထားတာတွေ သူတွေ့လိုက်ရပါတယ်။ IDM install လုပ်ထားပြီး MTV တွေ download လုပ်ထားပါတယ်။ Format factory install လုပ်ထားပြီး MTV တွေကို format ပြောင်းထားပါတယ်။ ပြီးတော့ ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုတဲ့ Program ကိုသွင်းပြီး ဖုန်းထဲကို ထည့်သွင်းဖို့ကြိုးစားထားတယ်လို့ သူကကျွန်တော်တို့ကို ရှင်းပြခဲ့ပါတယ်။ Service သမားတွေဘက်က ပြောမယ်ဆိုရင် ဒါလေးသုံးထားတာပဲ ဘာဖြစ်လို့လဲဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ Privacy ကိုထိခိုက် ချိုးဖောက်ထားတာပဲဖြစ်ပါတယ်။ အခွင့်မရှိပဲ မိမိကိုယ်ကျိုးအတွက် အသုံးပြုထားတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက Computer Service တော်တော်များများက Customer ရဲ့ Privacy ကိုတန်ဖိုးမထားတတ်သလို Customer တွေကလည်း စိတ်အလိုမကျပေမယ့် မျိုသိပ်ထားလိုက်ကြတာပဲ များပါတယ်။ Service သမားတစ်ယောက်ဟာ သီချင်းလေး တစ်ပုဒ် Ebook ဖိုင်လေးတစ်ခုတောင် ယူဆောင်ခွင့်မရှိပါဘူး။ မသိအောင်ယူသည်ဖြစ်ပစေ အသိပေးတောင်းယူသည်ဖြစ်ပစေ ဘယ်လိုနည်းနဲ့မှ မယူသင့်ပါဘူး။ Service သမားရဲ့ လိုချင်တပ်မက်မှုဟာ Customer အတွက် စိုးရိမ်စိတ်တွေကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
ကျွန်တော်တို့ ဟာ နိုင်ငံခြားသား Customer များနဲ့ ဆက်ဆံရတာများလို့ Privacy ပိုင်းမှာ တင်းကြပ်တဲ့ စည်းကမ်းတွေကို ချမှတ်ထားပါတယ်။ ဒါတောင် Network မရလို့ ခေါ်ပြင်တဲ့ Japan Company တစ်ခုမှာ လူမရှိတဲ့ စားပွဲပေါ်က ဖွင့်ထားတဲ့ Laptop ရဲ့ Wifi နေရာလေးကို ငုံကြည့်လိုက်မိလို့ ခွင့်မတောင်းပဲ ကြည့်ရသလားဆိုပြီး Laptop ပိုင်ရှင်က ပြဿနာရှာခဲ့ပါတယ်။ ခါးတစ်ဝက်ချိုး ဦးညွတ်ပြီး အကြိမ်ကြိမ်တောင်းပန်ခဲ့ရဖူးပါသေးတယ်။ ဒါဟာ သင်ခန်းစာတစ်ခုပါ။ အခွင့်မရှိရင် မျက်စိနဲ့တောင် ကြည့်ခွင့်မရှိဘူးဆိုတဲ့သဘောပါ။
လူကြီးမင်းတို့ အနေဖြင့် မိမိတို့ စိတ်ချရုံကြည်ရသော Computer Service များနှင့် အာမခံချက်ပေးနိုင်သော စည်းကမ်းများနဲ့ Computer Service Company များကိုရွေးချယ်အသုံးပြုဖို့တိုက်တွန်းလိုက်ရပါတယ်။ ဒါမှ မလိုလားအပ်တဲ့ ဆုံးရှံးမှုတွေနဲ့ မကြုံရမှာဖြစ်ပါတယ်။
အဆုံးချုပ်ရရင်တော့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကျွန်တော့်ကိုယ်တွေ့လေးတွေကို တွဲဖက်ရှင်းပြပြီး Computer Service ပိုင်းမှာဖြစ်သင့်တဲ့အနေအထားလေးတွေကို တင်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။ အထက်ပါစာများဟာ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေရန်ရည်ရွယ်ခြင်းမရှိပဲ မိမိ၏ ထင်မြင်ယူဆချက်လေးများကိုသာ ရေးသားတင်ပြထားခြင်းဖြစ်ပါတယ်။
ကျေးဇူးတင်ပါသည်။